အစာသီးခြင်းနဲ့ အသက်အန္တရာယ်
ငယ်ရာကနေ ကြီးလာတဲ့ မိတ်ဆွေတို့ နေ့စဥ်ဘဝမှာ လူတိုင်း အစာသီးဖူးကြမှာပါ။ ဒါဆို အစာသီးတာဟာ နိစ္စဓူဝ မထူးဆန်းတဲ့ အရာလို့တောင် မြင်ကြမယ်ထင်ပါတယ်။ အစာသီးတဲ့ သူတိုင်း အသက်အန္တရာယ် မရှိပေမယ့် အစာသီးရာကနေ အသက်ပေးလိုက်ရတဲ့သူတွေလဲ မနည်းပါဘူး ဆိုတာ ပြောပြပေးပါရစေ။
အစာသီးတာဟာ ဘာကြောင့် အသက်အန္တရာယ်ရှိတာလဲ?
လူတိုင်း ပုံမှန်အစာစားနေတဲ့ အချိန် အစာတွေ မဝင်နိုင်အောင် အသက်ရှူလမ်းကြောင်းထိပ်မှာ အမှေးပါး တစ်ခုနဲ့ အလိုအလျောက် ပိတ်ထားပေးပါတယ်။
အစာခြေလမ်းကြောင်းမှာ ရှိရမယ့်အစာဟာ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားပြီဆိုရင် ဝင်သွားတဲ့ ပမာဏ သေးငယ်ပါက ချောင်းဆိုးပြီး ပြန်ဟပ်ထုတ်လို့ ရပေမယ့် အသက်ရှူလမ်းကြောင်း ပိတ်လောက်တဲ့အထိ ဖြစ်ရင်တော့ အသက်ရှူလို့မရဖြစ်၊ ပြာနှမ်းလာပြီး သုံးလေးမိနစ်အတွင်း အလျင်အမြန် အစာထွက်အောင် လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင်လဲ နှလုံးခုန်ရပ်တဲ့အဆင့်အထိ မဖြစ်အောင် ပြုလုပ်နိုင်မှသာ အသက်ဘေးမှ သီသီလေး လွတ်မှာ ဖြစ်ပါတယ်။
ဒါတောင် ဝင်တဲ့ အစာပမာဏ များရင်များသလို အဆုတ်ပိုးဝင်ခြင်း ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်တာကြောင့် နောက်ဆက်တွဲမှာ ပိုးသတ်ဆေးတွေနဲ့ အကြိတ်အနယ်ကုပြီး အသက်လုရဦးမှာပါ။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အစာမသီးအောင် ကြိုတင်ကာကွယ် နေထိုင်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ဒီလိုမျိုး အစာမသီးအောင် ဘာတွေ သတိထား ကာကွယ်လို့ရမလဲ?
အစာသီးတာ ခဏခဏဖြစ်တတ်တဲ့သူတွေ၊ ခံနိုင်ရည်မရှိတဲ့သူတွေဟာ အဓိက အားဖြင့် ကလေးသူငယ်များနဲ့ အသက်အရွယ် အိုမင်းတဲ့ သူတွေမှာ အတွေ့များလေ့ရှိပါတယ်။
အစာသီးတာဟာ အစာစားရင်း စကားပြောလိုက်တာ၊ သီချင်းဆိုတာ၊ သေချာဝါးမစားဘဲ အလောတကြီး မျိုချတာ၊ အစားမစားခင် သို့မဟုတ် စားနေရင်း အရက်သောက်တာ( အရက်က အစာမျိုချရာမှာ သုံးတဲ့ အာရုံကြောတွေကို ထုံထိုင်းသွားစေပါတယ်)၊ သွားတုတပ်ထားတာ၊ တခြားအရာတစ်ခုခုကို ထလုပ်ရင်း အစာလဲစားနေတာစတဲ့ အခြေအနေတွေမှာ အသက်ရှူလမ်းကြောင်းအတွက် ပိတ်ထားတဲ့ အမှေးပါး ပွင့်သွားပြီး အစာသီးတော့တာပါပဲ။ ဒါ့အပြင် တချို့သော လူကြီးရောဂါအခံ ရှိသူတွေမှာလဲ အစာသီးခြင်း အဖြစ်များလေ့ရှိပါတယ်။
ဒီလိုမျိုး အစာမသီးအောင် အစာစားရင် စားမယ့်အစာကို အတုံးအသေးလေးတွေ လှီးဖြတ်ပြီးမှ စားသုံးတာ၊ အစာမမြိုချခင် သေသေချာချာ ကြေညက်အောင်ဝါးတာ၊ အစာစားရင် စကားပြောတာ ရယ်တာတွေ မလုပ်တာ၊ စတဲ့ စားသတိ သွားသတိ ကပ်ထားရမှာပဲ ဖြစ်ပါတယ်။
ကလေးတွေအတွက်ကတော့ အပေါ်က အချက်တွေအပြင် အသက် (၅) နှစ်အောက် ကလေးတွေဆိုရင် စပျစ်သီး၊ သြဇာသီး၊ သကြားလုံး စတာတွေကို မကျွေးတာ၊ ယူစားလို့ လက်လှမ်းမီမယ့်နေရာတွေမှာ မထားတာ၊ ကစားနေတဲ့အချိန်၊ လှဲအိပ်နေတဲ့အချိန် မကျွေးတာ၊ အစာစားတဲ့ အချိန် လွှတ်မထားဘဲ သေချာဂရုတစိုက် စောင့်ကြည့်တာ စတာတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်မှသာ အစာသီးခြင်းကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။
အစာသီးတာနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ဒီလိုတွေ သေချာကာကွယ်ရဲ့သားနဲ့ အစာသီးနေဦးမယ် ဆိုရင်တော့ တခြား ရောဂါ အခံတစ်ခုခုရှိနေတာလဲ ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက် ကျန်းမာရေး ပြဿနာများကို Healtppy ရဲ့ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။